
အာကာသယာဥ် သင်္ချိုင်း ဆိုတာ တကယ်တမ်းရှိနေပြီး ကမ္ဘာမြေပေါ်က လူသာတွေ အရောက်အပေါက် အနည်းဆုံးနေရာတစ်ခုနဲ့ ဆက်နွယ်နေပါတယ်။ လူတွေ အာကာသကို စူးစမ်းလေ့လာတဲ့အချိန်ကစပြီး အာကာသယာဥ်၊ ဂြိုဟ်တုတွေကို များစွာ လွှတ်တင်ခဲ့ကြပြီး အလုပ်ပြီးသွားတဲ့ ယာဥ်တွေ၊ ပျက်စီးသွားတဲ့ စက်ရုပ်တွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ ပြဿနာတစ်ခုလည်း တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့ပါတယ်။ အဲ့ဒီအဖြေထဲက အရေးကြီးဆုံးတစ်ခုက လူတွေ မသိသေးတဲ့ “အာကာသယာဥ် သင်္ချိုင်း” ဖြစ်ပါတယ်။
ဒီသင်္ချိုင်းဟာ မြေပေါ်မှာ မရှိဘဲ ပင်လယ်ရဲ့အလယ်အနက်ရှိုင်းဆုံးနဲ့ လူအရောက်အပေါက် အနည်းဆုံးနေရာတစ်ခုမှာ ရှိပါတယ်။ သိပ္ပံပညာရှင်တွေက ဒီနေရာကို “Point Nemo” လို့ ခေါ်ကြပြီး ကမ္ဘာ့မြေပြင်မှ မိုင်ထောင်ချီဝေးတဲ့ ပစိဖိတ်သမုဒ္ဒရာအလယ်ဗဟိုနားမှာ တည်ရှိပါတယ်။ ဒီနေရာကို ရောက်ဖို့ဆိုရင် ကမ္ဘာမြေပေါ်ရှိ မြို့ကြီးတွေကနေ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS) ကို သွားရတာက ပိုနီးပါတယ်။ဆိုတာက အဲ့ဒီနေရာ ဘယ်လောက်တောင် ဝေးလံပြီး အထီးကျန်နေသလဲဆိုတာကို ပြသနေပါတယ်။
အာကာသယာဥ်တွေဟာ သက်တမ်းကုန်ဆုံးသွားရင် အာကာသထဲမှာ ထားလို့မရပါဘူး။ အဲ့ဒီလိုထားခဲ့ရင် အခြားဂြိုဟ်တုတွေကို တိုက်မိပြီး အာကာသအမှိုက်တွေ ပိုများလာနိုင်လို့ပါ။ ဒါကြောင့် အာကာသအေဂျင်စီတွေက ယာဥ်တွေကို ထိန်းချုပ်ပြီး ကမ္ဘာလေထုထဲကို ပြန်ဆင်းခိုင်းကြပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ် ဘယ်နေရာကို ဆင်းခိုင်းမလဲဆိုတာက အလွန်အရေးကြီးပါတယ်။ လူနေထိုင်ရာမြို့တွေ၊ လေယာဥ်လမ်းကြောင်းတွေကို မထိခိုက်စေဖို့ လိုအပ်ပါတယ်။
ဒီလိုနဲ့ အာကာသယာဥ်တွေကို တမင်တကာ ထိန်းချုပ်ပြီး Point Nemo နားမှာ ဆင်းသက်ပျက်စီးအောင် လုပ်လာကြပါတယ်။ အဲ့ဒီနေရာမှာ အာကာသယာဥ် အစိတ်အပိုင်းတွေ ပင်လယ်ထဲကို ကျရောက်သွားပြီး အချိန်ကြာလာတာနဲ့အမျှ သင်္ချိုင်းလိုပုံစံ ဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်အထိ အာကာသယာဥ်နဲ့ အာကာသစက်ရုပ် အပိုင်းအစ အလွန်အများအပြားဟာ ဒီနေရာမှာ ရှိနေကြတယ်။
လူအများစိတ်ဝင်စားဆုံးက အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS) ရဲ့ အနာဂတ်ပါပဲ။ ISS ဟာ ကမ္ဘာပတ်လမ်းပေါ်မှာ နှစ်ပေါင်းများစွာ လည်ပတ်ခဲ့ပြီး သိပ္ပံစမ်းသပ်မှုများစွာ ပြုလုပ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ အဲ့ဒီစခန်းလည်း အလုပ်သက်တမ်းကုန်ဆုံးသွားမှာ ဖြစ်ပြီး အဲ့ဒီအချိန်ရောက်ရင် ထိန်းချုပ်ပြီး Point Nemo နားမှာပဲ ဆင်းသက်ပျက်စီးအောင် လုပ်ဖို့ စီမံကိန်းတွေ ရှိနေပါတယ်။ အဲ့ဒီလိုဖြစ်လာရင် အာကာသယာဥ် သင်္ချိုင်းထဲကို လူသားသမိုင်းမှာ အကြီးမားဆုံး အရာဝတ္ထုတစ်ခု ထပ်မံ ထည့်သွင်းလိုက်သလို ဖြစ်လာပါလိမ့်မယ်။
ဒီသင်္ချိုင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတာက လူသားတွေ တမင်တကာ ဖန်တီးထားတဲ့ နေရာတစ်ခုဖြစ်ပေမယ့် လူသားတွေ ကိုယ်တိုင် သွားရောက်ဖို့ အလွန်ခက်ခဲပါတယ်။ ပင်လယ်နက်ရှိုင်းမှု၊ ရာသီဥတု အပြောင်းအလဲများ၊ လှိုင်းနဲ့လေပြင်းများကြောင့် သာမန် သင်္ဘောတွေတောင် ရောက်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ဒီနေရာဟာ အာကာသနဲ့ ပင်လယ် နှစ်ခုစလုံးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ပေါင်းစည်းထားတဲ့ နေရာတစ်ခုလို ဖြစ်နေပါတယ်။
အချို့ သိပ္ပံပညာရှင်တွေကတော့ ဒီလို အာကာသယာဥ် အစိတ်အပိုင်းတွေ ပင်လယ်ထဲ ကျရောက်နေတာက ပင်လယ်ပတ်ဝန်းကျင်ကို သက်ရောက်မှု ရှိနိုင်မလားဆိုပြီး စိုးရိမ်ကြပါတယ်။ အချို့ကတော့ အဲဒီနေရာဟာ သက်ရှိအနည်းဆုံးနဲ့ လူသူရောက်အပေါက်နည်းတဲ့ နေရာဖြစ်လို့ ထိခိုက်မှုနည်းနိုင်တယ်လို့ ယူဆကြပါတယ်။ ဒီအကြောင်းအရာကိုလည်း အခုထိ ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။
အာကာသယာဥ် သင်္ချိုင်းဆိုတာ လူသားတွေ အာကာသကို စူးစမ်းရာမှာ မမြင်ရတဲ့ အခြားတစ်ဖက်လို ဖြစ်ပါတယ်။ အပေါ်ဘက်မှာတော့ ကြယ်တွေ၊ ဂြိုဟ်တွေကို လေ့လာနေကြသလို အောက်ဘက်မှာတော့ အလုပ်ပြီးသွားတဲ့ အာကာသယာဥ်တွေဟာ တိတ်တိတ်ဆိတ်ဆိတ် နားခိုနေကြပါတယ်။ လူသားတွေရဲ့ သိပ္ပံတိုးတက်မှုအောက်ခြေမှာ ဘယ်လိုအရာတွေ ကျန်ရစ်နေသလဲဆိုတာကို ဒီအာကာသယာဥ် သင်္ချိုင်းက တိတ်တိတ်လေး ပြောပြနေသလိုပါပဲ။